Sunday 27 September 2009

ကျပ်ငါးထောင်တန် ငွေစက္ကူ၊ ငွေကြေးဖောင်းပွမှုနှင့် မြန်မာနိုင်ငံ

လာမယ့် အောက်တိုဘာလ၊ ၂၀၀၉ ခုနှစ်မှာဆိုရင် မြန်မာနိုင်ငံမှာ ကျပ်ငါးထောင်တန် ငွေစက္ကူတွေကို စတင်သုံးစွဲတော့မှာ ဖြစ်ပါ တယ်။ ဒီကျပ်ငါးထောင်တန် ငွေစက္ကူတွေ ထုတ်ဝေလိုက်တာဟာ တနည်းဆိုရင် အာဏာရှင်လက်ထက်မှာ မြန်မာ့စီးပွားရေးစနစ် ဘယ်လောက်ထိ ကမောက်ကမဖြစ်နေတယ်ဆိုတာကို ညွှန်းဆိုတဲ့ သက်သေတမျိုးပါပဲ။ ဒီကျပ်ငါးထောင်တန်တွေဟာ မြန်မာနိုင်ငံရဲ့ ငွေကြေးလည်ပတ်သုံးစွဲမှု (circular flow) မှာ ပမာဏကြီးမားတဲ့ ငွေကြေးတွေ သုံးစွဲလာရမှုနဲ့ အဆမတန် ငွေကြေးဖောင်းပွမှုတွေ ဖြစ်နေခြင်းရဲ့ ပြယုဂ်တွေပဲ ဖြစ်ပါတယ်။



ငွေကြေးလည်ပတ်သုံးစွဲမှု ပမာဏ များပြားလာခြင်း
မြန်မာနိုင်ငံမှာ နိုင်ငံတော်ရဲ့ money supply ကို မူဝါဒချမှတ်သူ၊ အုပ်ချုပ်သူများက ထိန်းချုပ်တဲ့ instrument potency ကြီးမားပါတယ်။ ဗဟိုဘဏ်ရဲ့ လွတ်လပ်စွာ ဆောင်ရွက်ခွင့် နည်းပါးမှုကြောင့် ဒီလို instrument potency ကို ထိန်းချုပ်နိုင်မယ့် အခြေအနေ မရှိပါဘူး။ ရလာဒ်ကတော့ မြန်မာနိုင်ငံတော်အစိုးရဟာ ငွေကြေး ရိုက်နှိပ် ထုတ်ဝေမှုတွေကို အကြောင်းပြချက် အမျိုးမျိုး အသုံးပြုပြီး အထိန်းအချုပ် မရှိ ပြုလုပ်တော့တာပဲ ဖြစ်ပါတယ်။ ဥပမာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော တပ်မတော် တရပ် ပေါ်ထွက်လာရေးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အသုံးစရိတ်အတွက် ရိုက်နှိပ်ထုတ်ဝေတဲ့ ငွေကြေးပမာဏတွေက အရမ်းကြီးမား ပါတယ်။

အဲဒီအခါကျတော့ မြန်မာပြည်တွင်းမှာ လည်ပတ်သုံးစွဲနေတဲ့ ငွေကြေးပမာဏက များပြားလာပါတယ်။ သာမန်ဈေးဝယ်ထွက်မှုတွေမှာ တောင် ပိုက်ဆံအိတ်အကြီး ကိုင်သွားရတဲ့ အခြေအနေဖြစ်နေတယ်။ စားသောက်ဆိုင်တွေမှာ ငွေရှင်းရင် ငွေစက္ကူတထပ်ကြီး ရှင်းကြ ရတယ်။ စိန်အရောင်းအ၀ယ်၊ ကားအရောင်းအ၀ယ်၊ အိမ်အရောင်းအ၀ယ် ငွေပေးချေမှုတွေမှာဆိုရင် လူမြင်သူမြင် မကောင်းအောင် ငွေစက္ကူအုပ်တွေ အပြည့်သိပ်ထားတဲ့ ဆာလာအိတ်ကြီးတွေနဲ့ သွားကြရတယ်။ ဘဏ်တွေမှာ ငွေသွင်း၊ ငွေထုတ်ရင် ဘဏ်ဝန်ထမ်း တွေက ဒီငွေထုပ်ကြီးတွေကို ထမ်းကြရတယ်။ ဒီလိုအခြေအနေမျိုးတွေအတွက် ပြည်တွင်းမှာဆိုရင် တန်ဖိုးမြင့်မားတဲ့ ငွေစက္ကူတွေကို ရိုက်နှိပ်ထုတ်လာကြတယ်။ ကနဦးမှာ ငါးရာတန် ငွေစက္ကူတွေထွက်လာတယ်။ တထောင်တန် ငွေစက္ကူတွေ ထွက်လာတယ်။ အခု နောက်ဆုံးကျတော့ ငါးထောင်တန် ငွေစက္ကူတွေ ထွက်လာတယ်။

ဒီလို ပမာဏမြင့်မားတဲ့ ငွေစက္ကူတွေ ထွက်လာရတာဟာ စီးပွားရေး တိုးတက်လာတာမဟုတ်ဘူး။ ချွတ်ချုံကျ ပျက်ယွင်းလာတာပဲ ဖြစ် တယ်။ ဘာလို့လဲဆိုတော့ ဒီ ငွေစက္ကူတွေဟာ တန်ဖိုးကြီးသလို ထင်ရပေမယ့် ဒီငွေပမာဏတွေရဲ့ မူလတန်ဖိုးကတော့ တက်မလာလို့ ပဲ ဖြစ်ပါတယ်။ ဥပမာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက မုန့်ဟင်းခါးတပွဲရဲ့ တန်ဖိုးဟာ နှစ်ကျပ် ဆိုပါစို့။ အခုအချိန်မှာ မုန့်ဟင်းခါး တ ပွဲရဲ့ တန်ဖိုးဟာ တထောင်ဖြစ်နေတယ်ဆိုရင် ဈေးနှုန်းဟာ ငါးရာ တက်သွားပြီလို့ ဆိုနိုင်ပါတယ်။ ဒီတော့ ယနေ့ခေတ် ငွေငါးထောင် ကျပ်တန်ရဲ့ တန်ဖိုးဟာ ဟိုလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ငွေတဆယ်တန် တရွက်ရဲ့ တန်ဖိုးအတိုင်းပဲ ရှိတယ်လို့ ဆိုနိုင်ပါတယ်။

နောက်တချက်က ငွေကြေးသုံးစွဲနိုင်မှု အခြေအနေနဲ့ ဆက်စပ်ပါတယ်။ ပမာဏကြီးမားတဲ့ ငွေကြေးတွေ ထွက်ပေါ်လာတာဟာ ပြည် သူတွေရဲ့ ငွေသုံးစွဲနိုင်မှု ပမာဏ များပြားလာတာ မဟုတ်ပါဘူး။ တလကို ၀င်ငွေ ငါးသောင်း ရှိသူတယောက်ဟာ သူ့ရဲ့ ၀င်ငွေအနေနဲ့ တထောင်တန် အရွက်ငါးဆယ် ရခဲ့မယ်ဆိုရင် အခုငါးထောင်တန် ငွေစက္ကူသစ်တွေ ထွက်ပေါ်လာမှုမှာ ငါးထောင်တန် ငွေစက္ကူ ဆယ်ရွက် ရရှိလာတာပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ငွေကြေးသုံးစွဲနိုင်မှု အခြေအနေကတော့ ပိုပြီးတောင် လျော့နည်းသွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပမာဏမြင့်မားတဲ့ ငွေစက္ကူသစ်တွေ ထွက်ပေါ်လာချိန်တိုင်းမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတတ်လို့ပါပဲ။ ဒီလိုတွေ ဖြစ်လာတဲ့အခါ ပြည်သူတွေရဲ့ ငွေသုံးစွဲနိုင်မှု လျော့ကျသွားပါတယ်။ ကြီးမားလှတဲ့ ကုန်ဈေးနှုန်းတွေကို ကာမိဖို့ လုပ်ကြရင်း လုပ်ခတွေ မြင့်တက်လာပြန်တယ်။ ဒီလိုနဲ့ ငွေကြေးရိုက်နှက်ထုတ်လုပ်မှု၊ ကုန်ဈေးနှုန်းကြီးမားမှု၊ လစာတိုးမြင့်မှု၊ ကုန်ဈေးနှုန်း ကြီး မားမှု၊ ငွေကြေးရိုက်နှက်ထုတ်လုပ်မှုတွေဟာ ကြောင်လိမ်လှေကားသဖွယ် တစတစ မြင့်တက်လာတာပဲ ရှိပြီး ပြန်ဆင်းတယ်ဆိုတာ မရှိ တော့ပါဘူး။

တခါတရံမှာ အစိုးရက ဒီပြဿနာကို ၀ိသမ စီးပွားရေးသမားတွေလုပ်တာဆိုပြီး ကုန်သည်တွေကို ဖမ်းတာ၊ ခေါ်ယူသတိပေးတာတွေ ပြုလုပ်တတ်ပါသေးတယ်။ ဒီလို ကုန်သည်ကြီးများရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်တယ်ဆိုရင်တဲ့ တိကျတဲ့ မူဝါဒတွေ ချမှတ် ပြီးမှ ပြုလုပ်လို့ရပါတယ်။ အာဏာရှင်အသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ ကုန်သည်များကို မူဝါဒတမျိုး၊ နီးစပ်မှုမရှိတဲ့ ကုန်သည်များကို မူဝါဒ တမျိုး ပြုလုပ်လို့ မရပါဘူး။ အဓိက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ စီးပွားရေးယိုယွင်းပျက်စီးမှု၊ ငွေကြေးစနစ် ယိုင်နဲ့မှု ပြဿနာကတော့ “ရွှေသမင် ဘယ်ကထွက်၊ မင်းကြီးတာကထွက်“ ဆိုသလိုပဲ ပြဿနာရဲ့ အစဟာ နိုင်ငံတော်ရဲ့ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းမှုနဲ့ တိုင်း ပြည်ရဲ့ money supply ကို ချုပ်ကိုင်ပြီး ထင်ရာစိုင်းလုပ်နေတဲ့ instrument potency မြင့်မားမှု၊ ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားမှု စတာ တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလို ပမာဏကြီးမားတဲ့ ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေနေရမှုဟာ အဆမတန်ကြီးမားနေတဲ့ တိုင်းပြည်ရဲ့ ငွေကြေးဖောင်းပွမှုနှုန်းရဲ့ အကျိုးဆက်လို့ ဆိုနိုင်ပါတယ်။


ငွေကြေးဖောင်းပွမှု

ငွေကြေးဖောင်းပွမှုနှုန်းဆိုတာ နှစ်စဉ်တက်လာတဲ့ ဈေးနှုန်းရာခိုင်နှုန်းတွေကို တိုင်းတာတဲ့ indicator တခု ဖြစ်ပါတယ်။ အများဆုံး အသုံးပြုတဲ့ ဈေးနှုန်းတွေကတော့ retail prices ပဲ ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ နှစ်စဉ် သုံးဆယ် ရာခိုင်နှုန်းဝန်းကျင်မှာ ရှိကြောင်း စီးပွားရေး ပညာရှင်များက တွက်ချက်ထားကြပါတယ်။ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံရဲ့ ငွေကြေးဖောင်းပွ မှုနှုန်း အတက်အကျသဏ္ဍာန် မတူညီပေမယ့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအများစုရဲ့ ငွေကြေး ဖောင်းပွမှုနှုန်းဟာ ၂ ရာခိုင်နှုန်းနဲ့ ၆ ရာခိုင်နှုန်း အကြားမှာပဲ ရှိတတ်ပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာတာကို ထိန်းချုပ်တဲ့ နည်းလမ်းပေါင်းများစွာကိုလဲ ဗဟိုဘဏ်နဲ့ အစိုးရ မူဝါဒပြုလုပ်သူတွေက အသုံးပြုကြပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားတာဟာ တိုင်းပြည်စီးပွားရေးကို ထိ ခိုက်မှု ရှိကြောင်း သိရှိနားလည်ကြလို့ပဲ ဖြစ်ပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားတဲ့အခါ income redistribution၊ balance of payments နဲ့ အရင်းအမြစ်ပိုင်းဆိုင်ရာ အကျိုးဆက်တွေ ဖြစ်စေနိုင်ပါတယ်။ ငွေကြေးဖောင်းပွမှုဟာ ပုံမှန်ဝင်ငွေရှိသူများ (ဥပမာ - လခစားလုပ်သားများ) နဲ့ ကျပန်းလုပ်သားများ၊ ဆင်းရဲနွမ်းပါး သူများရဲ့ ၀င်ငွေတွေကို စီးပွားရေး တောင့်တင်းသူများ၊ ပုံမှန်ဝင်ငွေမဟုတ်တဲ့ အကျိုးအမြတ် ရရှိသူများထံ redistribute လုပ်ပါတယ်။ ဒီအခါမှာ ပုံမှန်အတိုးနှုန်းပဲ ရတဲ့ ဘဏ်တွေမှာ အပ်နှံစုဆောင်းမှုတွေထက် တခြား assets တွေ (ဥပမာ - အိမ်၊ ခြံမြေ) စတာတွေမှာ ရင်းနှီးမြှုပ်နှံမှုက အကျိုးအမြတ် ပိုများပါတယ်။ ဒီတော့ အကျိုးအမြတ် နည်းတာကြောင့်ပဲဖြစ်ဖြစ်၊ ယုံကြည်မှုနည်းလို့ပဲဖြစ်ဖြစ် ဘဏ် တွေမှာ ငွေကြေးအပ်နှံမှုက နည်းပါး လာပါတယ်။ ၁၉၉၄ ခုနှစ်မှာ ၃၅ သိန်းတန် လုံးချင်းတိုက်လေးတခုဟာ အခု ၂၀၀၉ ခုနှစ်မှာ သိန်း သုံးရာ့ ငါးဆယ်၊ လေးရာ မှာ ဖြစ်နေပါပြီ။ ကျပ် ၃၅ သိန်းကို ဘဏ်မှာသာ အပ်ထားခဲ့မယ်ဆိုရင် ရမယ့် အတိုးနှုန်းက ငွေဖောင်းပွမှု ရာခိုင်နှုန်းထက် နည်းနေမှာ ဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှု အရှုံးပေါ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဘဏ်အတိုးနှုန်းမြှင့်ပြီး ငွေကြေး ဖောင်းပွမှုကို လျော့ကျအောင် လုပ်ဖို့က အလွန်ပဲ ခက်ခဲနေမှာ ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုဟာ savings ပေါ် အခြေခံတဲ့ ရင်းနှီး မြှုပ်နှံသူတွေဆီကနေ တန်ဖိုးမြင့်တက်မယ့် assets တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေဆီကို ချမ်းသာကြွယ်ဝမှု (wealth) ကို redistribute လုပ် လိုက်တာကြောင့် savings မှာ လျော့ကျမှု ဖြစ်စေပါတယ်။

နောက်ထပ်အကျိုးဆက်တခုကတော့ မသေချာမရေရာမှုနဲ့ ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်းတွေကို ဖြစ်စေနိုင်တာ ဖြစ်ပါတယ်။ ငွေကြေး ဖောင်းပွမှုနှုန်းတွေ ထိုးတက်နေတဲ့အခါ fluctuations ဖြစ်တာများပါတယ်။ အဲဒီအခါမှာ စီးပွားရေးအသိုင်းအ၀ိုင်းအတွင်းမှာ မသေချာ၊ မရေရာမှုတွေ ဖြစ်လာပါတော့တယ်။ စရိတ်တွေနဲ့ ၀င်ငွေတွေကို ခန့်မှန်းဖို့ ခက်ခဲလာပါတယ်။ ပြည်ပက မှာယူတဲ့ ပစ္စည်းတွေဆို ပိုဆိုး ပါတယ်။ ပြည်ပကနေ အမေရိကန် ဒေါ်လာ ၂၈၀ တန် ပစ္စည်းတခုကို ငွေလဲနှုန်း ၅၀၀ နဲ့ တွက်ချက်ပြီး၊ အမြတ်နဲ့ ကုန်ကျစရိတ်တွေပါ ထပ်ဖြည့်လိုက်ပြီးတော့ မြန်မာကျပ်ငွေ တသိန်းခွဲနဲ့ ရောင်းချနေတယ် ဆိုပါစို့။ နောက်ထပ် လေးလအကြာမှာ ပစ္စည်းသစ်တွေ ထပ်မှာ တော့ ဒေါ်လာ ၂၈၀ က ဈေးမတက်ပေမယ့် ငွေလဲနှုန်းက ခြောက်ရာ ဖြစ်နေပါပြီ။ ဒီလိုအခြေအနေမျိုးတွေကို စီးပွားရေးသမားတွေ ကြုံခဲ့ကြရပါတယ်။ ဈေးတွေထပ်တင်ပြန်တော့ ကုန်သည်တွေ ၀ိသမလောဘနဲ့ လုပ်တယ်ဆိုပြီး ခေါ်ယူပြစ်တင်ကြိမ်းမောင်း ခံကြရ ပြန် ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်ရပ်တွေဟာ နိုင်ငံတော်ရဲ့ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းပြီး၊ ငွေဖောင်းပွမှုနှုန်းကို စနစ်တကျ မထိန်းချုပ် နိုင်လို့ပဲ ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေ ဖြစ်လာတဲ့အခါကျတော့ ရင်းနှီးမြှုပ်နှံမှုမှာ လူတွေရဲ့ စိတ်ပါဝင်စားမှု လျော့နည်းလာပါတော့တယ်။ မြန်မာလူငယ် တွေ ပြည်ပအထွက်များတာ၊ ပြည်ပမှာ ကျောင်းသွားတက်ပြီး၊ ပြည်ပနိုင်ငံတွေဆီမှာ အလုပ်ဝင်တာတွေအပေါ်မှာ ပြစ်တင်ဝေဖန်မှုတွေ ရှိကြပါတယ်။ ပြည်ပမှာ ကျောင်းတက်တဲ့အခါ ၊ ဥပမာ - အင်္ဂလန်ကို ကျောင်းလာတက်တဲ့အခါမှာ ၃ နှစ်တာကြာတဲ့ ဂုဏ်ထူးဘွဲ့ကို တက်မယ်ဆိုရင် ကျောင်းစရိတ်၊ နေထိုင်စရိတ် စသဖြင့် စုစုပေါင်း စတာလင်ပေါင် ခြောက်သောင်းခန့် ကုန်ကျနိုင်ပါတယ်။ မြန်မာငွေ ပေါက်ဈေးနဲ့ တွက်မယ်ဆိုရင် ဒီငွေဟာ ငွေကျပ်သိန်းပေါင်း ကိုးရာ ၀န်းကျင်မှာ ရှိပါတယ်။ ဒီငွေတွေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ် မယ်ဆိုရင် အတိုင်းအတာတခုအထိတော့ လုပ်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာလူငယ်တွေ ဘာကြောင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှု လမ်း ကြောင်းကို မရွေးချယ်ကြပါသလဲ။ အင်္ဂလန်မှာ ပညာသင်ရမှဆိုတဲ့ စွဲစွဲလန်းလန်း စိတ်မရှိဘူးဆိုရင်တော့ အင်္ဂလန်က ဘွဲ့ရပြီးရင် ဥရောပမှာ အလုပ်မလုပ်ရင်တောင် အာရှတိုက်နိုင်ငံများမှာ သေချာရေရာတဲ့ အလုပ်တခုတော့ ရမှာပဲဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ဖြစ်ပါ တယ်။ ဘ၀နောင်ရေးအတွက် ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကသာ ရေရာသေချာမှုရှိတယ်ဆိုရင် ပညာရှင်ပဲ ဖြစ်ချင်တယ်ဆိုတဲ့ ကျောင်းသားတချို့ကလွဲပြီး ကျန်လူများကတော့ သူများနိုင်ငံမှာ ၀န်ထမ်း ဘ၀နေမယ့်အစား ကိုယ့်မြေ၊ ကိုယ့်ရေမှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတွေ ဖြစ်နေမှာ မလွဲမသွေပါပဲ။ အခုလက်ရှိ အခြေအနေ မှာတော့ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်များကိုယ်တိုင်ကိုက သား၊ သမီးတွေ အရွယ်ရောက်တာနဲ့ နိုင်ငံရပ်ခြားပို့၊ ပညာသင် ပေးပြီး၊ မြန်မာပြည်ပြန်မလာဖို့ ပြောဆိုနေကြတဲ့ အခြေအနေတွေ ဖြစ်ကုန်ခဲ့ပါပြီ။ တနည်းဆိုရင် နိုင်ငံတော်အတွက်တော့ ဦးနှောက်ယို စီးမှု ပြဿနာပါပဲ။ ဒီလိုဖြစ်ရပ်တွေဟာ ငွေကြေးဖောင်းပွမှုကြောင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုအပေါ်မှာ ယုံကြည်မှု နည်းရာက ဖြစ်လာခဲ့ တဲ့ အကျိုးဆက်တွေပါပဲ။

နောက်တချက်ကတော့ ငွေကြေးဖောင်းပွမှုဟာ နိုင်ငံတော် စီးပွားရေးအခန်းကဏ္ဍနဲ့ နိုင်ငံတကာ ကုန်သွယ်ရေးမှာ အဓိကကျတဲ့ Balance of payments ကို ပျက်ယွင်းစေနိုင်ပါတယ်။ တကယ်လို့ နိုင်ငံတနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်း သိပ်မြင့်နေမယ်ဆိုရင် ဒီနိုင်ငံရဲ့ ပို့ကုန်တွေဟာ ကမ္ဘာ့ဈေးကွက်မှာ ပြိုင်ဆိုင်နိုင်တဲ့ အခြေအနေ လျော့ကျပါတယ်။ တပြိုင်နက်တည်းမှာပဲ ပြည်ပသွင်းကုန် တွေဟာ ပြည်တွင်းထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေထက် ပိုပြီး ဈေးပေါပါတယ်။ ဒီတော့ စုစုပေါင်း ပို့ကုန်ပမာဏလျော့ကျပြီး သွင်းကုန် ပမာဏ ကြီးမားပါတယ်။ ဒီအခါမှာ Balance of payments ပျက်စီးယိုယွင်းသွားနိုင်ပါတယ်။

နောက်တချက်ကတော့ အရင်းအမြစ်တွေနဲ့ သက်ဆိုင်ပါတယ်။ ငွေကြေးဖောင်းပွမှုရဲ့ အကျိုးဆက်တွေကို ဖြေရှင်းဖို့အတွက် ပိုလျှံတဲ့ အရင်းအမြစ်တွေကို ထပ်မံ သုံးစွဲကြရတာ ဖြစ်ပါတယ်။ မသေချာမရေရာမှုတွေကို စီမံခန့်ခွဲနိုင်ဖို့အတွက် စီးပွားရေးလုပ်ငန်းတွေဟာ စာရင်းကိုင်တွေ၊ တခြားဘဏ္ဍာရေးကျွမ်းကျင်သူတွေကို ထပ်မံငှားရမ်းကြရပါတယ်။ အခုလို ကမ္ဘာ့စီးပွားရေးပျက်ကပ်မှာ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးတွေအားလုံး risk professionals တွေ ကို အပြိုင်အဆိုင်၊ အလုအယက် ခန့်အပ်တာဝန်ပေးနေကြပါတယ်။

ငွေကြေးဖောင်းပွမှုအကျိုးဆက်တွေဟာ ဖောင်းပွမှုနှုန်း ဂဏန်း တလုံးတည်း ရှိတဲ့အခါမှာ သိပ်ဆိုးဆိုးရွားရွားမရှိပေမယ့် ဆယ်ရာခိုင် နှုန်း ကျော်လာပြီဆိုတာနဲ့ အန္တရာယ်ကြီးလာပါပြီ။ ဈေးကွက်တခုလုံးကို ပျက်စီးယိုယွင်းနိုင်စွမ်း ရှိနေလို့ပါပဲ။ အဲလိုအချိန်မှာ အထက်မှာ ဆိုခဲ့သလိုပဲ လုပ်ငန်းတွေက အဆမတန်ကြီးထွားနေတဲ့ စရိတ်တွေကို ကာမိအောင် ဈေးနှုန်းတွေ မြှင့်မယ်။ လုပ်သားတွေက အဆ မတန် ကြီးမားနေတဲ့ ကုန်ဈေးနှုန်းတွေ၊ နေထိုင်မှုကုန်ကျစရိတ်တွေကို ကာမိအောင် လုပ်ခတွေကို ပိုတောင်းမယ်။ ဒီတော့ ဈေးနှုန်းက တက်လိုက်၊ လုပ်ခကတက်လိုက်၊ ဈေးနှုန်းက ထပ်တက်လိုက်နဲ့ ဘောဂဗေဒအခေါ်အားဖြင့် ever- rising inflationary spiral ဆိုတဲ့ ငွေကြေးဖောင်းပွမှုက ကြောင်လိမ်လှေကားလို တပတ်ပြီးတပတ်ရစ်ပြီး တက်သွားတဲ့ အနေအထားကို ရောက်တော့တာပါပဲ။ ဒီလို ဆိုးဝါးတဲ့ အကျိုးဆက်တွေနဲ့ စီးပွားရေးအဆောက်အအုံတခုလုံး ပြိုလဲမှု မဖြစ်စေဖို့ ငွေကြေးဖောင်းပွမှု ပြဿနာကို ဖြေရှင်းနိုင်မယ့် သင့်လျော်တဲ့ မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ် လျှော့ချရေး မူဝါဒများ

ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားလာမှုကို ထိန်းချုပ်လျှော့ချရေး မူဝါဒတွေအကြောင်း မဖော်ပြခင်မှာ ငွေကြေးဖောင်းပွမှုကို ဖြစ်စေတဲ့ ၀ယ်လိုအားဆွဲအား ငွေကြေးဖောင်းပွမှု (Demand-pull inflation) နဲ့ စရိတ်တွန်းအား ငွေကြေးဖောင်းပွမှု (Cost-push inflation) အမျိုးအစားတွေအကြောင်းကို အနည်းငယ် တင်ပြလိုပါတယ်။ စီးပွားရေးအဆောက်အအုံထဲက ဈေးနှုန်းတွေကို aggregate demand နဲ့ aggregate supply တို့ရဲ့ ဆက်စပ်မှုတွေက အဆုံးအဖြတ်ပေးပါတယ်။ aggregate demand ဆိုတာက စားသုံးသူ၊ အစိုးရ၊ ရင်းနှီးမြှုပ်နှံနေတဲ့ စီးပွားရေးလုပ်ငန်းများနဲ့ နိုင်ငံခြားသားများရဲ့ စုစုပေါင်း သုံးစွဲမှုတွေ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဈေးနှုန်းအမျိုးမျိုးမှာ လုပ်ငန်းတွေက ဘယ်လောက်အရေအတွက်အထိ ထုတ်လုပ်ဖို့ ဆန္ဒရှိလဲ ဆိုတာကိုတော့ ဘောဂဗေဒပညာရှင်တွေက aggregate supply curve နဲ့ ညွှန်ပြကြပါတယ်။ ဒီ curve နှစ်ခု ဆုံတဲ့ ဆုံမှတ်ဟာ equilibrium price level ပဲ ဖြစ်ပါတယ်။ ပိုပြီးရှင်းလင်းအောင် ပုံနဲ့ တွဲပြီး ဖော်ပြထားပါတယ်။


အထက်က ပုံမှာ ဖော်ပြထားတာက aggregate demand aggregate supply တို့ ဆုံတဲ့ နေရာမှာ ပေါ်ထွက်လာတဲ့ ဈေးနှုန်းနဲ့ ထုတ်ကုန်အနေအထားတွေ ဖြစ်ပါတယ်။ ၀ယ်လိုအားဆွဲအားကြောင့် ဖြစ်ပေါ်တဲ့ ငွေကြေးဖောင်းပွမှုဆိုတာက aggregate demand မြင့်တက်လာပြီး၊ ပုံမှာ ဖော်ပြထားတဲ့ AD curve ဟာ ညာဘက်ကို ရွေ့သွားတဲ့ အခြေအနေကို ဆိုလိုတာပါ။


အထက်က ပုံမှာတွေ့မြင်ရတဲ့အတိုင်း aggregate demand မြင့်တက်လာတဲ့အခါမှာ ဈေးနှုန်းလဲ မြင့်တက်သွားပါတယ်။ ၀ယ်လိုအား ဆွဲအားငွေကြေးဖောင်းပွမှုကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ စားသုံမှုမြင့်တက်လာတာ (သို့မဟုတ်) အစိုးရ အသုံးစရိတ် မြင့် မားလာတာ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုပမာဏ မြင့်မားလာတာ (သို့မဟုတ်) ပို့ကုန်ပမာဏ များပြားမှုကနေ ၀ယ်လိုအား မြင့်တက် လာတာ (သို့မဟုတ်) ဒီအချက်တွေအားလုံးလဲ ဖြစ်နိုင်ပါတယ်။

စရိတ်တွန်းအားကြောင့် ဖြစ်ပေါ်တဲ့ ငွေကြေးဖောင်းပွမှုမှာကျတော့ aggregate supply curve က ဘယ်ဘက်ကို ရွေ့လျားသွားတဲ့ အခြေအနေကို ဆိုလိုတာပါ။ စရိတ်တွေကြီးမားလာတဲ့အခါ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဈေးနှုန်းတက်တာ၊ ထုတ်လုပ်မှုပမာဏ လျှော့ချတာတွေ ပြုလုပ်ပါတယ်။ ဒီအခါမှာ ဈေးနှုန်းတွေ မြင့်တက်ပြီး၊ ထုတ်ကုန်ပမာဏလျော့ကျသွားပါတယ်။


ဒီလို စရိတ်တွန်းအားငွေကြေးဖောင်းပွမှု ဖြစ်လာရတဲ့ အကြောင်းရင်းတွေကတော့ ကုန်ကြမ်းတင်သွင်းမှု စရိတ်စကတွေ ကြီးမားလာ တာ၊ လုပ်အားခတွေ မြင့်မားလာတာ၊ အစိုးရရဲ့ သွယ်ဝိုက်အခွန်အခနှုန်းထားတွေ မြင့်မားလာတာ စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဘောဂဗေဒပညာရှင်များကတော့ လုပ်ခတွန်းအား ငွေကြေးဖောင်းပွမှု၊ အမြတ်တွန်းအား ငွေကြေးဖောင်းပွမှု၊ သွင်းကုန်ဈေးနှုန်း တွန်းအား ငွေကြေးဖောင်းပွမှု၊ အခွန်တွန်းအား ငွေကြေးဖောင်းပွမှု၊ သဘာဝသယံဇာတပစ္စည်းများ ရှားပါးမှု စတဲ့ စရိတ်ကြီးမား လာရခြင်းဆိုင်ရာ ငွေကြေးဖောင်းပွမှုအမျိုးမျိုးကို ခွဲခြားဖော်ပြလေ့ရှိပေမယ့် ဘောဂဗေဒ ကျမ်းတစောင် ရေ့းသားနေခြင်း မဟုတ်တဲ့ အတွက် အသေးစိတ်ရေးသား ဖော်ပြခြင်း မပြုလိုပါဘူး။ မူဝါဒရေးရာများမှာ demand-side မူဝါဒတွေနဲ့ supply-side မူဝါဒများ ရှိတဲ့အတွက် ဘောဂဗေဒအခြေခံ သဘောတရားများကို ထည့်သွင်းဖော်ပြခြင်းသာ ဖြစ်ပါတယ်။

Demand-side မူဝါဒတွေမှာ monetary policy နဲ့ fiscal policy ဆိုပြီး နှစ်မျိုးရှိပါတယ်။ Fiscal policy က အစိုးရအသုံးစရိတ်၊ အခွန်ကောက်ခံခြင်းတွေနဲ့ သက်ဆိုင်ပါတယ်။ aggregate demand ကို အစိုးရအသုံးစရိတ်လျှော့ချခြင်း၊ အခွန်များတိုးမြှင့်ကောက်ခံ၍ စားသုံးသူများ၏ ငွေသုံးစွဲနိုင်စွမ်း လျှော့ချခြင်း စတဲ့ မူဝါဒတွေအသုံးပြုပြီး လျော့နည်းအောင် ပြုလုပ်လို့ ရပါတယ်။ ဒါကတော့ deflationary fiscal policy ဖြစ်ပါတယ်။ တခြားအမျိုးအစားတခုဖြစ်တဲ့ reflationary fiscal policy ကတော့ အလုပ်လက်မဲ့ပြဿနာနဲ့ ဆိုင်တာဖြစ်တဲ့အတွက် ဒီဆောင်းပါးမှာ မဖော်ပြတော့ပါဘူး။

နောက်တမျိုးဖြစ်တဲ့ Monetary policy ကတော့ ငွေကြေးရိုက်နှိပ်ထုတ်ဝေသုံးစွဲမှု (money supply) အတိုးနှုန်း (interest rate) စတာတွေနဲ့ သက်ဆိုင်ပါတယ်။ အစိုးရမှ ငွေကြေးရိုက်နှိပ်ထုတ်ဝေမှုတွေ လျှော့ချခြင်း၊ အစိုးရမှ ငွေကြေးရိုက်နှိပ်ထုတ်ဝေမှုကို အလိုရှိ သလိုပြုလုပ်နေသည့် instrument potency လျော့နည်းအောင် လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရှိသော ဗဟိုဘဏ်နှင့် တင်းကြပ်သော ဘဏ္ဍာရေးဥပဒေများဖြင့် ထိန်းချုပ်ခြင်း၊ အတိုးနှုန်းများ မြှင့်တင်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ aggregate demand ကို လျော့ကျအောင် ပြုလုပ်လို့ရပါတယ်။

Supply-side မူဝါဒကကျတော့ စရိတ်စက ကြီးမားလာမှုကို ထိန်းချုပ်တာတွေနဲ့ သက်ဆိုင်ပါတယ်။ ဒီလိုထိန်းချုပ်ရာမှာ ဈေးနှုန်းနဲ့ ၀င်ငွေတွေကို monopoly ပြုလုပ်မှုများကို ထိန်းချုပ်ခြင်း (ဥပမာ - ကုန်သည်ကြီးများအသင်းရဲ့ ဈေးကွက်ကို ထိန်းချုပ်ရန် ကြိုးပမ်း သော လှုပ်ရှားမှုများကို ကန့်သတ်သည့် မူဝါဒများချမှတ်ခြင်း၊ လုပ်ခနှင့် ဈေးနှုန်းများကို ထိန်းချုပ်ရေး မူဝါဒများ ချမှတ်ခြင်း၊ ငါးကြီးမှ ငါးသေးမျိုသည့် သဏ္ဍာန်ဖြစ်သော လုပ်ငန်းကြီးများမှ လုပ်ငန်းငယ်များကို take-over လုပ်ခြင်းများကို ကန့်သတ်ခြင်းစသည်များ) နဲ့ ထုတ်လုပ်မှု တိုးတက်မြင့်မားရေး မူဝါဒများ ချမှတ်ခြင်း (ဥပမာ - tax incentives များပေးခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးခြင်း၊ နောက်ဆုံးပေါ် စက်ပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် လုပ်သားများအားလေ့ကျင့်သင်တန်းပေးရေး အစီအစဉ်များ အတွက် ထောက်ပံ့ကြေးငွေများ ပေးခြင်းစသည်များ) ကို ပြုလုပ်နိုင်ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် အခုလို ကျပ်ငါးထောင်တန် ငွေစက္ကူအသစ်များ ထွက်ပေါ်လာတာဟာ တိုင်းပြည်စီးပွားရေးအတွက် ကောင်းမွန်တဲ့ လက္ခဏာတရပ် မဟုတ်ပါဘူး။ ဒါဟာ ငွေကြေးဖောင်းပွမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ မဆလ၊ န၀တ၊ နအဖ စစ်အုပ်စု အဆက်ဆက်ရဲ့ တိုင်းပြည်စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းရဲ့ ရလာဒ်တွေပဲ ဖြစ်ပါတယ်။ သေနတ်ပစ်တတ်တိုင်း စစ် မတိုက်တတ်ပါဘူး။ စစ်တိုက်တတ်တိုင်းလဲ တိုင်းပြည်အုပ်ချုပ်ရေး နားမလည်ပါဘူး။ တိုင်းပြည်အုပ်ချုပ်ရေး နားလည်တိုင်းလဲ မူဝါဒတခုချင်းစီကို အသေးစိတ် မရေးဆွဲတတ်ပါဘူး။ မူဝါဒရေးဆွဲတတ်တိုင်းလဲ မူဝါဒအကောင်အထည် မဖော်နိုင်ပါဘူး။ မူဝါဒ အကောင်အထည်ဖော်တတ်တိုင်းလဲ တိုင်းပြည်မအုပ်ချုပ်နိုင်ပါဘူး။ တိုင်းပြည်အုပ်ချုပ်နိုင်တိုင်းလဲ ရှေ့တန်းစစ်မြေပြင်မှာ စစ်မတိုက် နိုင်ပါဘူး။ မိသားစုတခုပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းတခုပဲဖြစ်ဖြစ်၊ တိုင်းပြည်တခုပဲ ဖြစ်ဖြစ်မှာ လူမှန်၊ နေရာမှန် ဖြစ်ဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ ခေါင်းဆောင်၊ နောက်လိုက် အတွဲညီဖို့ လိုအပ်ပါတယ်။ ဒီလို သဟဇာတ မဖြစ်တဲ့ ဘယ်လို မိသားစုပဲဖြစ်ဖြစ်၊ အဖွဲ့ အစည်းပဲဖြစ်ဖြစ်၊ တိုင်းပြည်ပဲဖြစ်ဖြစ် ရေရှည်မှာ ပြိုလဲယိုင်နဲ့မှာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်စီးပွားရေးကို မိသားစု ကောင်းစားရေး၊ ဆွေမျိုးသားချင်း ကောင်းစားရေး၊ မိတ်ဆွေအပေါင်းအသင်းနီးစပ်သူ ကောင်းစားရေး စတဲ့ ဘက်လိုက်မှုများ မရှိပဲ မှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်မယ့် အစိုးရသစ်တရပ် ပေါ်ထွက်လာရေးဟာ မြန်မာ့စီးပွားရေးအဆောက်အအုံရဲ့ အဓိက လိုအပ်ချက် ဖြစ်နေပါကြောင်း ရေးသား တင်ပြအပ်ပါတယ်။
ခင်မမမျိုး (၂၆၊ ၉၊ ၂၀၀၉)

No comments:

Post a Comment